Skip to main content

ထန်းပင်

သူတို့ရှင်သန်ဘို့ မြေအောက်ပေ၂၀၀ လောက်ကရေကို စုပ်ယူရင်း ယာတွေထဲအပေါ်မြေဆီလွှာ ကိုရေရောက်စေတယ်။ 
ပဲ၊နှမ်း၊စတဲ့ သီးနှံဖြစ်ထွန်းစေတယ် ။

လွန်ခဲ့တဲ့အနှစ် ၃၀ လောက်က ထိုင်းနိုင်ငံမှာ ထန်းပင်အကြီးတွေ၊တချို့မြို့တွေမှာ အကုန်လုံးတုံးသွားဘူးတယ်။ အပင်ပေါက်တွေ လည်း မရှင်တော့ဘူး၊ ယာတွေဆို အပေါ်ယံမြေဆီလွှာရေမရောက် လို့ မြေဆီမြေနှစ်မရှိတော့ဘူး ၊မြေအရောင်ဖြူလာတယ် ၊သဲမြေမျိုးပြောင်းလာတာကြောင်. သီးနှံဖြစ်ထွန်းမှု နည်းလာတယ် ၊ပျက်စီးကုန်တယ် ။

အဲ့ဒီဒေသတွေမှာ အပူချိန် အရမ်းတက်သွားပြီး  ရေစီးရေလာ ပါပြောင်းသွားတယ်။
ထိုင်းတွေ နောင်တ တွေ ရခဲ့ကြတယ်။

မြန်မာနိုင်ငံမှာ ဒီအဖြစ်ဆိုးတွေမဖြစ်အောင် အစိုးရအနေနဲ့ တားဘို့အခုအချိန်မီသေးတယ် ။ 
အညာဒေသကို ကန္တာရ တခုလို ဘယ်သူမှဖြစ်စေချင်မှာမဟုတ်ဘူး။ 

အရှေ့အလယ်ပိုင်း သဲကန္တာရတွေမှာ ထန်းပင် အမျိုးတူအပင်အုပ်စုတွေရှိနေတဲ့နေရာတွေမှာဘဲရေရှိတာ ၊ အိုအေစစ်လို့ခေါ်ပြီး သိပ်တန်ဘိုးထားကြတယ်။ 

 မြန်မာနိုင်ငံ အညာဒေသ တွေမှာ နေရာတိုင်း အိုအေစစ်တွေချည်းဘဲ။။ ဒီလိုနေရာတွေက အပင်တွေကို ခုတ်လှဲကြရင် တနေ့နေ့သဲကန္တာရတွေ ဖြစ်သွားလိမ့်မယ်။

အညာမှာ ပေ၂၀၀ အနက်လောက်က မြေအောက်ရေ စုတ်ယူပေးနေတဲ့ထန်းပင်အမြစ်တွေက သောင်းနဲ့ချီရှိတာ၊
သဘာဝ ရေစုပ်စက်တွေလို့ပြောရင်ရတယ်။

အဲဒါတွေမပျက်ဆီးအောင်ထိမ်းသိမ်းရမှာ ဝိုင်းဝန်းထိမ်းသိမ်းရမယ်။

ထန်းပင်အကြောင်း

 ထန်းပင် သည် ရုက္ခဗေဒအလိုအားဖြင့် ပါလမေစီအေး (Palmaceae) သို့မဟုတ်
ပါမီ (Palmy) မျိုးရင်းတွင် ပါ၀င်သည်။ ထိုမျိုးရင်းတွင် ထန်းပင်အပြင် အပင်မျိုးပေါင်း ၁၅၀၀ ကျော် ရှိလေသည်။ 

ပေပင်၊ အုန်းပင်၊ ကွမ်းသီးပင်၊ ဓနိပင်၊ စလူပင်၊ စွန်ပလွန်ပင်၊ ဆပ်သားဖူးပင် စသည်တို့သည် ထန်းပင်နှင့် မျိုးချင်းစပ်အပင်များ ဖြစ်ကြသည်။

ပုံပန်းသဏ္ဍာန်

ထန်းအမျိုးဝင်အပင်တို့အား အရွက်ကိုလိုက်၍ နှစ်မျိုးခွဲခြားထားသည်။ တစ်မျိုးမှာ ငှက်မွေးပုံဖြစ်ပြီး ကျန်တစ်မျိုးမှာ ယပ်တောင်ပုံဖြစ်လေသည်။ 

အုန်းပင်၊ ကွမ်းသီးပင်၊ စွန်ပလွန်ပင်တို့သည် ငှက်မွေးပုံအရွက်ရှိသော အပင်မျိုးများဖြစ်ကြ၏။ 
ပေပင်နှင့် ထန်းပင်တို့မှာမူ ယပ်တောင်ပုံ အရွက်များ ရှိကြလေသည်။ 
ထိုယပ်တောင်ပုံ အရွက်ရှိသော ထန်းတို့ကို ကော်ရီဖာ ထန်း (Corypha Palm) နှင့် တော့ဒီ ထန်း (Toddy Palm) ဟူ၍ ခေါ်သည်။

ထန်းပင်သည် အတွင်းတွင် အနှစ်ရှိပြီး အပြင်မှာ အကာတည်လျက် ပေါက်လေ့ရှိသော သစ်ပင်မျိုးနွယ်မဟုတ်။ အပြင်မှာ အကာနှင့် အတွင်းမှာ
အူချောင်းပါသော မြက်အမျိုးအနွယ်ဝင်ပင် ဟု ဆိုကြသည်။

ထန်းပင်သည် အပင်စောက်မျိုးဖြစ်ပြီး အခက်အလက်ဖြာထွက်ခြင်းမရှိဘဲ အထက်သို့ ဖြောင့်ဖြောင့် မတ်မတ် ထိုးတက်သွားလေသည်။ ကြီးထွားနှုန်းမှာ အရွယ်ကိုလိုက်၍ ကွာခြားသည်။ 

ပေါက်ခါစတွင် ကြီးထားနှုန်း နှေးကွေးပြီး အရွယ်ရောက်လာသည်နှင့် ကြီးထွားနှုန်း တိုးမြင့်လာသည်။ 
ပျမ်းမျှကြီးထွားနှုန်းမှာ တစ်နှစ်လျှင် ခြောက်လက်မနီးပါးခန့်ရှိသည်။ ထန်းလုပ်သားကြီးများက တစ်နှစ်လျှင် ကြက်မတစ်ဝပ်စာမျှ မြင့်တက်သည်ဟု ဆိုကြသည်။

 ထန်းရည်ခံယူသော ထန်းပင်သည် ထန်းရည်မခံယူသော ထန်းပင်ထက် ယေဘုယျအာ ဖြင့် ကြီးထွားမှု နှေးကွေးစမြဲ ဖြစ်လေသည်။

ထန်းပင်၏ ပျမ်းမျှအမြင့်ပေမှာ ၆၀ မှ ၈၀ အထိရှိသည်။ ထိုထက်ပိုမို၍ မြင့်မားသော ထန်းပင်များလည်း ရှိပေသည်။ သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၅၀ မှ ၂၀၀ ကျော်အထိ ရှိမည်ဟု ယူဆရလေ သည်။

ပေါက်ရောက်ရာဒေသ

ထန်းပင်သည် အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသ၏ ဇာတိအမျိုးရိုးဖြစ်သည်။ အာရှတိုက်၊ အာဖရိကတိုက်၊ အမေရိကတိုက်နှင့် ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ ကျွန်းများတွင် ထန်းနှင့် ထန်းအမျိုးတူ အပင်များကို တွေ့နိုင်လေသည်။

မြန်မာနိုင်ငံအတွင်း တွေ့ရှိနိုင်သည့်ဒေသ။
ထန်းပင်သည် မိုးရေချိန် လက်မ ၂၀ မှ ၄၀ အတွင်း ရွာသွန်း၍ ပူပြင်းခြောက်သွေ့သော ရာသီဥတုမျိုးကို နှစ်သက်သည်။ 

မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံကဲ့သို့သော ပူပြင်းသည့် နိုင်ငံများတွင် ထန်းပင်အများ အပြားတွေ့နိုင် သည်။ မြန်မာနိုင်ငံတွင် ရေဝပ်ရာဒေသမှလွဲ၍ နေရာအနှံ့အပြား ပေါက်ရောက်နိုင်၏။ 

အထူးသဖြင့် မြန်မာနိုင်ငံ မြေလတ်ဒေသနှင့် မြန်မာနိုင်ငံအထက်ပိုင်းရှိ ပူပြင်းခြောက်သွေ့သော ဒေသများတွင် အများဆုံး တွေ့ရလေ့ ရှိသည်။ တနင်္သာရီတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် အလေ့ကျပေါက်သော ထန်းပင်အနည်းအပါးကို တွေ့ရှိနိုင် လေသည်။

ကျမ်းကိုး

၁၉၈၆ ခုနှစ်၊ စာပေဗိမာန် သုတပဒေသာ – (ဝိဇ္ဇာပညာရပ်) စာမူဆုရတဲ့ မောင်လင်းသူ (ညောင်ဦး) ရဲ့ “ထန်း”
ဝီကီမြန်မာ အွန်လိုင်း စွယ်စုံကျမ်းမှ ကူးယူဖေါ်ပြ ပါသည်။

ထန်းပင်ထန်းတောများ ထိန်းသိမ်းရန်လိုအပ်
လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀လောက်က မြန်မာနိုင်ငံ တစ်၀န်းလုံးမှာ ထန်းပင်ပေါင်း နှစ်သန်းသုံးသိန်းကျော် ရှိတယ်လို့ စာရင်းများအရ သိရပါတယ်။ 

အခုချိန်မှာ တော့ ကျောက်ပန်းတောင်းမြို့နယ်အတွင်း ထန်းပင် ပေါင်း သုံးသိန်းကျော်နဲ့ တောင်သာ၊ မြင်းခြံနယ်ဘက် မှာလဲ သိန်းနဲ့ချီပြီး ထန်ပင်များရှိနေပါတယ်။ ကျောက်ပန်း တောင်းမြို့ကနေ နှစ်ကျပ်ခွဲကျေးရွာကို သဲလမ်း အတိုင်းသွားရင် ထန်းပင်ထန်းတော တွေကြားကနေ ဖြတ်သွားရတာ ကြည်နူးပျော်ရွှင်ဖွယ် ကောင်းလှပါတယ်။

သင်္ဘောသီးပင်၊ ကျွန်းပင်တွေလိုပဲ ထန်းပင် မှာလဲ အဖိုပင်နဲ့ အမပင်ဆိုပြီး ရှိပါတယ်။ 

အဖိုပင်ရဲ့ ထန်းနို့ကို လှီးရင် ထန်းရည်ချို ထွက်ပါတယ်။ ထန်းမပင် က အသီးသီးပါတယ်။ 
ထန်းမပင်ရဲ့ထန်းသီးခိုင်ကို ညှပ် နဲ့ညှပ်ပြီး ထန်းရည်ထုတ်ယူနိုင်ပါတယ်။ 
ထန်းပင်တစ် ပင်ဖြစ်ဖို့ ထန်းသီးစေ့ကို စိုက်ပျိုးရပြီး တစ်နှစ်ခန့်အ ကြာမှာ အပင်ပေါက်ကလေးဟာ မြေပေါ်ကို ထွက်လာ ပါတယ်။ 
တစ်နှစ်ကို တစ်ပေခန့်မြင့်တက်ပြီး သက် တမ်းဟာ နှစ် ၁၀၀ခန့်အထိရှိနိုင်ပါတယ်။ 

ထန်းပင်တွေ ဟာ ပူပြင်း ခြောက်သွေ့တဲ့ အညာဒေသမှာ အများအပြား ပေါက်ရောက်ပြီး အောက်ဘက်ဒေသ ရန်ကုန် တိုင်း၊ ပဲခူးတိုင်း၊ ဧရာ၀တီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသတွေမှာလဲ ပေါက် ရောက်ပါတယ်။

ထန်းပင်ဟာ အကြမ်းပတမ်းခံနိုင်ရည်ရှိတဲ့ အပင် မျိုးပါ။ နာဂစ်လို လေပြင်းမုန်တိုင်းတိုက်တဲ့ဒဏ်ကို တောင် မပြိုမလဲဘဲ ကြံ့ကြံ့ခံနိုင်တဲ့ ပင်မျိုးပါ။ 

ထန်းပင် ဟာ ပေပင်၊ အုန်းပင်၊ ကွမ်းသီးပင်၊ စွန်ပလွံပင်တို့နဲ့ ရုက္ခဗေဒ မျိုးရင်းတူပါတယ်။ ထန်းရွက်နဲ့ ပေရွက်ဟာ လက်ဝါးပုံသဏ္ဌာန်ရှိပြီး အုန်းပင်၊ ကွမ်းသီးပင်၊ စွန် ပလွံပင်အရွက်များဟာ ငှက်မွေးပုံသဏ္ဌာန်ရှိပါတယ်။

 ခွဲစိတ်တဲ့အခါ သစ်သားမထွက်ဘဲ ဖိုင်ဘာမျှင်တွေသာ ရှိပါတယ်။ ထန်းပင်မှ ထန်းရည်ချိုသာထွက်ပါတယ်။ ထန်းရည်ခါးအတွက် အချဉ်ပေါက်နေတဲ့ အလျင်အိုး နဲ့ခံမှသာ ထန်းရည်ခါးရရှိပါတယ်။

ထန်းရည်ချိုဟာ အစာကြေညက်စေတဲ့အတွက် ဆရာတော်ကြီးများ၊ သက်ကြီးရွယ်အိုများက ထမင်းစားပြီးတဲ့အခါ သောက် သုံးကြပါတယ်။ 

ထန်းရည်ခါးကတော့ ဆီးရွှင်စေပါ တယ်လို့ ယောမင်းကြီး ဦးဖိုးလှိုင်ရဲ့ ရသဓာတုကျမ်းမှာ ဖော်ပြထားပါတယ်။ ထန်းပင်တစ်ပင်လုံးဟာ လူသား များအတွက် အကျိုးပြုပါတယ်။ ထန်းပင်မြစ်ကို မီး ဖုတ်လို့ဖြစ်စေ၊ ပြုတ်လို့ဖြစ်စေ နှစ်ခြိုက်စွာ သုံးဆောင် နိုင်ပါတယ်။

 ထန်းသီးဆန်နုနုကိုလဲ စားသုံးနိုင်ပါတယ်။ 
ထုတ်ထုတ်ထုတ်ထုတ်နဲ့ ကျောက်ကျောစားရသလိုပါ ပဲ။ ထန်းသီးရင့်မှည့်တဲ့အခါ ဖိုက်ဘာအမျှင်တွေကြား က ဝါ၀ါအနှစ်ချိုချိုမွှေးမွှေးကို ဆန်မှုန့် နှစ်ရည်သကြား တို့နဲ့နယ်ပြီး ပေါင်းခံပြီး အုန်းသီးဖတ်ဖြူးပြီး ထန်းသီး မုန့်အဖြစ် စားနိုင်တယ်။

ထန်းရွက်ကို ဇာတာဖွဲ့ဖို့ ပြု လုပ်တယ်။ ထန်းဖူးကို ငါး၊ ငှက်ရုပ်ပြုလုပ်ပြီး ဘုရားပွဲ တော်တွေမှာ ရောင်းကြတယ်။
ထန်းဖူးကို ဘူးလေး တွေရက်ပြီး ထန်းလျက်ခဲ၊ မန်ကျည်းတော်ဖီ၊ ဆီးတော် ဖီထည့်ပြီးအမှတ်တရရောင်းတယ်။

ထန်းလက်ကို ကုလားထိုင်လုပ်တယ်။ 
ထန်းရွက်ကို အိမ်မိုးတယ်၊ ကာ တယ်။ ထန်းပင်စည်ကို အိမ်တိုင်၊ ထုတ်တန်း၊ ရက်မ၊ ကြမ်းခင်းအဖြစ် အိမ်ဆောက်ရာမှာ သုံးကြတယ်။ ထက် ခြမ်းခွဲပြီး ရေတံလျှောက်၊ နွား စားခွက်လဲ လုပ်နိုင်သေးတယ်။
ထန်းပင် ပင်စည်အောက်ပိုင်းကို နိုင်ငံခြား ပို့ကုန်အဖြစ် တင်ပို့ရောင်းချနေပါတယ်။ 

ထန်းပင်ကို ခုတ်လှဲပြီး နှစ်ရက်အတွင်း အချောသပ်ရွေပေါ်ထိုးပြီး ပေါ်လစ်အရောင်တင်ဆီသုတ်လိုက်ရင် အင်မတန်လှ ပါတယ်။ အမြင့် ခြောက်ပေ၊ ခုနစ်ပေလောက်အမြင့်ရဲ့ ထိပ်၀ကို အလယ်မှထွင်းပြီး ပန်းအိုးအဖြစ် ဟိုတယ်ကြီး တွေမှာ၊ အိမ်ခြံ၀င်းမြက်ခင်းပြင်တွေမှာ အလှပန်းအိုး အဖြစ် တခမ်းတနားအသုံးပြုကြပါတယ်။ 

မန္တလေးမြို့ နဲ့ ရန်ကုန်က ကုန်သည်တွေ နိုင်ငံခြားကို တင်ပို့နေပါ တယ်။ ရန်ကုန်မြို့ကမ်း နားလမ်းက Strand Hotel က အမှတ်တရ လက် ဆောင်ပစ္စည်းပြခန်းမှာ ရောင်းနေပါတယ်။

ဟို-တစ်ခါတုန်း ဆီက အာရပ်နိုင်ငံတွေရဲ့ သဲကန္တာရထဲမှာ ခရီးသွား ကုန်သည်တွေဟာ ကုလားအုတ်စီး၍ တစ်နေကုန် ခရီး သွားခဲ့ရပြီး ညနေစောင်းမှ အိုအေစစ်လို့ ခေါ်တဲ့ စွန် ပလွံပင်တွေနဲ့ရေအိုင်ရှိတဲ့နေရာကို ရောက်တာပါ။ 

အခုအချိန်မှာတော့ ရေနံတွေ အကြီးအကျယ်ထုတ် လုပ်ရောင်းချနိုင်ပြီး နိုင်ငံခြား၀င်ငွေဘီလီယံ၊ ထရီလီ ယံပေါင်းများစွာ ကြွယ်၀ချမ်းသာလာတော့ နည်းပညာ အတတ်ပညာတွေနဲ့ပေါင်းစပ်ပြီး ဆာဟာရ သဲကန္တာရ ကို မြေတူးစက်ဘူဒိုဇာတွေနဲ့ တူး၊ အောက်ခြေကြမ်း ပြင်ကို ရေစိမ့်မထွက်အောင် ကတ္တရာတွေခင်းပြီး မြေ ပြန်ဖို့၊ ကျင်းတူးထားတဲ့နေရာမှာ အရွယ်ရောက်ပြီး သား စွန်ပလွံပင်တွေကို ထရပ်ကားနဲ့ သယ်လာပြီး ရေလောင်းစိုက်ပျိုးလိုက်တဲ့အခါ မိုင်ပေါင်းများစွာ ရှည်လျားတဲ့ စွန်ပလွံပင်တောကြီးဟာ သဲကန္တာရထဲမှာ ပေါ် ထွန်းလာခဲ့ပါတော့တယ်။

ဂေဟ ဗေဒ (Ecology) တစ်စတစ်စပျက်ယွင်းလာတဲ့ အခြေ အနေတွေကြောင့် ထန်းတောတွေကိုလဲ
ထိန်းသိမ်း စောင့်ရှောက်ဖို့လိုအပ်နေပါတယ်။

 သဘာ၀သစ်တော တွေဟာ ရာသီဥတုအတွက် အင်မတန် အရေးပါတာ ကို လူသားတွေ သိလာနေပါပြီ။ ကျောက်ပန်းတောင်း မြို့နယ် ပတ်၀န်းကျင် ဒေသစိမ်းလန်း စိုပြည်စေဖို့ ဂျပန် နိုင်ငံနဲ့ ကိုရီးယားနိုင်ငံတို့ကအကူအညီ တွေပေးလျက် ရှိနေပါတယ်။ 

Forest Resource Environment Development and Conservation Association(FREDA) အဖွဲ့အစည်းကလဲ အားကြိုးမာန်တက် ဆောင်ရွက်နေကြပါတယ်။

#အောင်ကျည်စိုးမြင့် ရေးသားသော 
#မြို့ပြကျေးလက်နဲ့မိုးမျှော်ဟိုတယ်ထန်းတော
မှ ထုတ်နှုတ်ယူသည်။

ထန်းပင် ထန်းတောများ ထိန်းသိမ်းနိုင်ဖို့ .. မိုးခေါင်ရေရှားခြင်း၊ ကမ္ဘာကြီး ပူနွေးလာခြင်း စသော ရာသီဥတုနဲ့ ပတ်သက်တဲ့ ဗဟုသုတ ဟောပြောပွဲများ ကျေးလက်ဒေသထိ ဆင်းကာ ပြုလုပ်သင့်ပါကြောင်း။

ထန်းပင်တို့ကိုကာကွယ်ကြပါစို့

ထန်းပင်သည်အညာဒေသ၏ အလှတစ်ပါး ဖြစ်ပါသည်။ အလှတစ်ပါးဆိုသည်ထက် သဘာ၀၏လက်ဆောင်မွန်ဆိုပါက ပို၍ ပြည့်စုံတိကျမည်ဖြစ်ပါသည်။ ထန်းပင်စိုက်ရန် ဓာတ်မြေဩဇာမလို၊ ပိုးသတ်ဆေးမလို၊ ရေသွင်းပေးရန်မလို၊ သဘာ၀ အလျောက် ရှင်သန်နိုင်သော အပင်ဖြစ်ပါသည်။ 

ရေဓာတ်ရှိသောမြေ၌ ထန်းပင်သည် ၁၅ နှစ်အတွင်း အရွယ်ရောက် အသုံးချနိုင်ပြီး ခြောက်သွေ့သောမြေ၌ ၂၅ နှစ်အတွင်း အရွယ်ရောက်အသုံးချနိုင်ပါသည်။ ထန်းပင်သည် နှစ်တစ်ရာအထိ ရှင်သန်နိုင်သော အံ့ဩစရာအပင်တစ်မျိုး ဖြစ်ပါသည်။

စိုက်ပျိုးရန်ရင်းနှီးမြှုပ်နှံမှုမလိုသော ထန်းပင်သည် ရင်းနှီးမြှုပ်နှံမှု များစွာပြုလုပ်ရသော အပင်တို့ထက်ပင် လူသားတို့ အတွက် ရလဒ် အသီးအပွင့်များစွာကို ဖန်တီးပေးပါသည်။ 

ထန်းပင်မှဖန်တီးရရှိသော လူမှုအသုံးအဆောင်ပစ္စည်းတို့သည် ကျေးလက်ပြည်သူတို့၏ နေ့စဉ်ဘ၀အတွက် များစွာအသုံးဝင်ပါသည်။ ကျေးလက်ပြည်သူတို့၏ နေအိမ်ခေါင်မိုး၊ ခြံစည်းရိုး အကာတို့ကိုလည်း ထန်းပင်မှဖန်တီး ရယူရပါသည်။ ပို၍ ပြည့်စုံအောင်တင်ပြရပါက ထန်းပင်သည် လူသားတို့အတွက် အကောင်းဆုံး အဖော်မွန်ဖြစ်သကဲ့သို့ ကျေးငှက်မျိုးစုံတို့အတွက်လည်း အကောင်းဆုံး ခိုလှုံရာ ဖြစ်ပါသည်။

ထန်းပင်၏အမြစ်သည် ရေကို သိုလှောင်ထားနိုင်စွမ်းရှိပါသည်။ သို့ဖြစ်ပါ၍ ရှေးမိဘဘိုးဘွားတို့သည် ရေကန်၊ အင်းအိုင်၊ မြစ်ချောင်းတို့ဝန်းကျင်၌ ထန်းပင်တို့ကို စိုက်ကြခြင်း ဖြစ်ပါသည်။ ပို၍ တိကျစွာတင်ပြရပါက ထန်းပင်သည် ကုန်ကျစရိတ် ဗလာနတ္ထိဖြင့် သဘာဝရေအရင်းအမြစ်ကို ထိန်းသိမ်းပေးသောအပင် ဖြစ်ပါသည်။ 

တစ်နည်းအား
ဖြင့်ဆိုသော် လူသားတို့ ရှင်သန်ရပ်တည်ရေးအတွက် အခြေခံအကျဆုံးလိုအပ်ချက်ကို ထိန်းသိမ်းပေးသောအပင်မှာ ထန်းပင်ဖြစ်ပါသည်။ထိုမျှမက ထန်းပင်သည် မုန်တိုင်းတို့၏ အရှိန်အဟုန်ကို တွန်းလှန်ယုတ်လျော့စေပါသည်။ သဲမြေတို့တိုက်စား ပြုန်းတီးမှုကိုလည်း ကာကွယ်ပေးပါသည်။

ထန်းပင်မှရရှိသော အချိုဓာတ်၏တန်ဖိုးကို ပစ္စုပ္ပန်လူသားတို့က မေ့မေ့လျော့လျော့ မသိကျိုးကျွန်ပြုနေကြသည်ဟု ဆိုရမည် ဖြစ်ပါသည်။ အချိုဓာတ်အတွက် လူသားတို့ နေ့စဉ်အသုံးပြုနေသော ကြံမှရသည့် သကြားသည် စိုက်ပျိုး ထုတ်လုပ်မှုဖြစ်စဉ်အရ ဘေးထွက်ဆိုးကျိုးများစွာ ရှိပါသည်။

 ကြံကိုစိုက်ပျိုးသည့်အခါ ရေအရင်းအမြစ်ကို များစွာအသုံးပြုရ ပါသည်။ ကြံကိုစိုက်ပျိုးစဉ်ကာလအတွင်း ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးတို့ကိုလည်း အသုံးပြုရပါသည်။ ကြံမှ သကြား ထုတ်လုပ်သောလုပ်ငန်းစဉ်သည် ကျယ်ပြန့်ပြီး စွမ်းအင်လိုအပ် ချက်ကြီးမားသော လုပ်ငန်းမျိုး ဖြစ်ပါသည်။ ထိုမျှမက သကြားထုတ်လုပ် ရာ၌ Sulphur dioxide နှင့် တခြားသော အရောင်ချွတ်ဓာတုပစ္စည်းများကို အသုံးပြုရပါသည်။ 

သို့သော် ထန်းပင်မှရရှိသော ထန်းလျက်သည် မည်သည့်ဓာတုပစ္စည်းကိုမျှ အသုံးပြုထုတ်လုပ်ရန်မလိုသော အချိုဓာတ် ဖြစ်ပါသည်။ ထန်းလျက်၌ ဗီတာမင်ဘီများစွာပါဝင်သကဲ့သို့ သံဓာတ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ်တို့လည်း ကြွယ်၀စွာပါဝင်ပါသည်။ 

တိုင်းရင်းဆေးပညာ၌ ထန်းလျက်သည် ဆေးတစ်ပါး ဖြစ်ပါသည်။

ဤမျှ ဤမျှ အသုံးဝင်သော ထန်းပင်တို့ကို တစ်ပင်လျှင်ကျပ်ငါးထောင်မျှဖြင့် အတုံးအရုံးခုတ်လှဲရောင်းချနေသည်ဟူသော သတင်းသည် အညာကျေးလက်ဒေသ ပြည်သူတို့၏ လူမှုစီးပွားဘ၀ကို အကြီးအကျယ် ခြိမ်းခြောက်စိန်ခေါ်နေသော သတင်း ဖြစ်ပါသည်။

 အိမ်နီးချင်းနိုင်ငံမှ တင်သွင်းသော သစ်ပင်ဖြတ်လွှစက် (CHAIN SAW)တို့ပင် ရောက်ရှိနေသည် ဟူသော သတင်းသည် တုန်လှုပ်ချောက်ချားစရာသတင်း ဖြစ်ပါသည်။

 ဤသို့ ထန်းပင်တို့ခုတ်လှဲရောင်းချခြင်း၌ ထန်းတက် သူ မရှိခြင်းနှင့် ထိန်းသိမ်းစရိတ် မတတ်နိုင်ခြင်း(တစ်နည်း)စီးပွားရေး အကျိုးအမြတ် နည်းပါးခြင်းကို အခြေခံအကြောင်းရင်း အဖြစ် ပြောဆိုကြပါသည်။ ဤကဲ့သို့သော ပြောဆိုမှုများသည် ထန်းပင်၏ တန်ဖိုးအစစ်အမှန်ကို နားမလည်သောကြောင့် ဖြစ်ပါသည်။ 

ကမ္ဘောဒီးယားနိုင်ငံ၌ ကျေးလက်ပြည်သူတို့သည် ဝက်တို့ကို ထန်းရည်နှင့် ပဲပုပ်ရောစပ်ကျွေးမွေးခြင်းဖြင့် ဝက်တို့သည် တစ်ရက်လျှင် ၄၀၀ ဂရမ်အသားတိုးပါသည်။ ဝက်၏ အညစ်အကြေးမှထုတ်လုပ်ရရှိသော ဇီ၀ဓာတ်ငွေ့ ဖြင့်လည်း ထမင်း၊ ဟင်း ချက်ပြုတ်ကြပါသည်။ ထန်းပင်၏ လက်တွေ့စီးပွားရေးအကျိုးပြုမှု ကျယ်ပြန့်လာစေရန် ဤကဲ့သို့သော နည်းလမ်းတို့ကို ရှာဖွေကြံဆအသုံးပြုသင့်ပါသည်။ 

ထန်းပင်တို့ကာကွယ်ထိန်းသိမ်းရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတို့က မူဝါဒချမှတ်ရန်လိုသကဲ့သို့ ထန်းပင်၏ အသုံးဝင်မှုကိုလည်း ပြည်သူလူထုအကြား ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးသင့်ပါသည်။ ထန်းပင်အခြေပြုစီးပွားရေးလုပ်ငန်းတို့ ထွန်းကားလာစေရန်အတွက် ဘဏ္ဍာရေးပံ့ပိုးမှု တို့ကိုလည်းပြုလုပ်သင့်ပါ သည်။

 နိဂုံးချုပ်အနေဖြင့် ပြည်သူလူထုအတွက် ကောင်းကျိုးရလဒ်အဖုံဖုံ နှစ်ပေါင်းတစ်ရာမျှ ဖန်တီးပေးန်ိုင်သော ထန်းပင်တို့အား မဖြစ်စလောက်သောငွေကြေးဖြင့် ရောင်းဝယ်နေခြင်းကို ဟန့်တား ကာကွယ်ကြပါရန် လေးစားစွာတိုက်တွန်းနှိုးဆော်အပ်ပါသည်။။

Credit to Seinn Sein

Green Guy

Comments

Popular posts from this blog

ယူကလစ်နှင့်ပတ်သက်၍ပညာရှင်တဦး၏လေ့လာမှုစာတမ်း

# ယူကလစ်စိုက်ခင်း ဆိုင်ရာ သုတေသနတွေ့ရှိချက်များနှင့် အကြံပြုချက်များ  # ဒေါက်တာသောင်းနိုင်ဦး ညွှန်ကြားရေးမှူး သစ်တောသုတေသနဌာန၊သစ်တောစီမံကိန်းဌာနခွဲ၊ဦးစီးရုံးချုပ်။ ၂၁.၉.၂၀၁၆ အလုပ်ရုံဆွေး နွေးပွဲတွင် တင်ပြသည့်စာတမ်းမှ ကောက်နုတ်ဖော်ပြပါသည်။ ဤစာတမ်း၏ ရည်ရွယ်ချက်မှာ ယူကလစ်သစ်မျိုးများနှင့် စပ်လျဉ်းသည့် သတင်းအချက် အလက်များ မျှဝေရန် ၊ယူကလစ်သစ်မျိုးနှင့် စပ်လျဉ်းသည့်အငြင်းပွားမှုများနှင့် သုတေသနတွေ့ရှိချက် များကို လေ့လာတင်ပြရန်နှင့် ယူကလစ်စိုက်ခင်းတည်ထောင်ရာတွင် ထည့်သွင်းစဉ်းစားသင့်သည့် အချက် အလက်များ အကြံပြုတင်ပြရန် ဖြစ်ပါသည်။ ယူကလစ် သစ်မျိုးများသည် မူရင်းဒေသမှာ သြစတြေလျနိုင်ငံဖြစ်ပြီး ယူကလစ်မျိုးစိတ်ပေါင်း (730)ကျော်ရှိကြောင်း လေ့လာ တွေ့ရှိရပါသည်။ ယူကလစ်သစ်မျိုးသည် မိုးရေချိန် ၂၀ လက်မမှ၇၀လက်မအတွင်း အပူချိန်ဒီဂရီစင်တီဂရိတ် အနိမ့်ဆုံးအပူချိန်တစ်ဒီဂရီစင်တီဂရိတ်မှ အ မြင့်ဆုံးအပူချိန်၄၀ဒီဂရီစင်တီဂရိတ်အထိ မြေပြန့်ဒေသများမှ ပင်လယ်ရေအမြင့်ပေ (၃၀၀၀) ကျော်အထိ စိုက် ပျိုး ဖြစ်ထွန်းနိုင်ပါသည်။ အပူပိုင်းဒေသရှိ သဲမြေများမှ ကမ်းရိုးတမ်းဒေသနှင့်တောင်ပေါ် ဒေသမျ...

ဧရာဝတီလင်းပိုင် ကာကွယ်စောင့်ရှောက်ရေး ဧရိယာ(ADPA)

နောက်ခံအကြောင်း ဧရာဝတီလင်းပိုင်များသည် မျိုးသုန်းအန္တရာယ်နှင့် အထူးရင်ဆိုင်နေရပြီး မြန်မာနိုင်ငံ ဧရာဝတီမြစ်အတွင်း ၇၉ကောင်သာကျန်ရှိသည်။ ရေထုညစ်ညမ်းခြင်း၊ အလွန်အကျွံငါးဖမ်းခြင်း၊ တရားမဝင် ငါးဖမ်းနည်းများသုံးခြင်း၊ လှေအသွားအလာအလွန်များပြားခြင်း စသည့် လူသားများ၏လုပ်ရပ်များက ၎င်းတို့၏အသက်ရှင်သန်ရေးကို ခြိမ်းခြောက်နေသည်။ စီမံကိန်း ဧရာဝတီမြစ်ထဲကျန်နေသည့် လင်းပိုင်အုပ်စုငယ်သည် မန္တလေးမြို့၏မြောက်ဘက်၊ မင်းကွန်းနှင့် ဗန်းမော်အကြားတွင် နေထိုင်ကြသည်။ ယင်းမြစ်၏ အရှည် ၇၄ ကီလိုမီတာရှိသော ဧရိယာတစ်ခုကို ဧရာဝတီလင်းပိုင် ကာကွယ်စောင့်ရှောက်ရေးဧရိယာ (ADPA) အဖြစ် မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာန (DoF) က ၂၀၀၅ ခုနှစ်တွင် သတ်မှတ်ခဲ့သည်။ ယင်းဧရိယာတွင် လင်းပိုင်များ ဖမ်းခြင်း၊ သတ်ဖြတ်ခြင်း၊ ရောင်းဝယ်ခြင်း၊ လျှပ်စစ်ရှော့တိုက်၍ ငါးဖမ်းခြင်း၊ အချို့သော ငါးဖမ်းပိုက်အမျိုးအစားများ အသုံးပြုခြင်းတို့ကို တင်းကျပ်စွာ တားမြစ်သည်။ ဧရာဝတီမြစ်တစ်လျှောက်လုံးတွင် ရွှေကျင်လုပ်ငန်းကို ၂၀၀၅ ခုနှစ်တွင် တားမြစ်ခဲ့သည်။ DoF သည် တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးအသင်း (WCS) နှင့်အတူပူးပေါင်း၍ လင်းပိုင် စော...